၁။ တောင်ကိုရီးယားနိုင်ငံသုံးဝမ်ငွေနှင့် အမေရိကန်ဒေါ်လာငွေလဲနှုန်း တည်ငြိမ်စေရေး ဆောင်ရွက်ရာ၌ ကနဦးပိုင်းတွင် တောင်ကိုရီးယားအမျိုးသားပင်စင်ဝန်ဆောင်မှုလုပ်ငန်း (National Pension Service- NPS) အပေါ် အာရုံစိုက်နေခဲ့ရာမှ ယခုအခါ ပို့ကုန်ဦးစားပေးသည့် လုပ်ငန်းရှင်များအပေါ် အစိုးရက အာရုံစိုက်လာကြောင်း၊ ဝမ်ငွေနှင့် အမေရိကန်ဒေါ်လာငွေ လဲလှယ်ရာတွင် ဝမ်ငွေတန်ဖိုး ထိုးကျနေမှုကို နှေးကွေးသွားစေရေး အစိုးရကစီမံခန့်ခွဲရာ၌ ပို့ကုန်ဦးစားပေးလုပ်ငန်းရှင်များအပေါ် ပစ်မှတ်ထားလာကြပါသည်။
၂။ ၂၀၂၅ ခုနှစ်၊ တတိယသုံးလပတ်ကာလတွင် တောင်ကိုရီးယားရှိ ပို့ကုန်ဦးစားပေးကုမ္ပဏီ များ၏ တစ်လပျမ်းမျှ နိုင်ငံခြားငွေ အပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ၉၁.၈၈ ဘီလီယံအထိ ရောက်ရှိလာခဲ့ပါကြောင်း၊ အကြောင်း ရင်းမှာ ၎င်းတို့ရရှိလာသည့် နိုင်ငံခြားဝင်ငွေကို ဝမ်ငွေသို့ ပြောင်းခြင်းမပြုဘဲ အမေရိကန်ဒေါ်လာအဖြစ်သာ ဘဏ်တွင်သိမ်းဆည်းထားကြကြောင်း၊ အဆိုပါ အလေ့အထသည် ဝမ်ငွေတန်ဖိုးဆက်တိုက်ကျဆင်းစေခြင်း အကြောင်း ရင်းတစ်ခု ဖြစ်ပါကြောင်း တောင်ကိုရီးယားဗဟိုဘဏ် (Bank of Korea- BOK) က ထုတ်ပြန်ထားပါသည်။
၃။ ဝမ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းစေခြင်း၏ အခြားသော အကြောင်းရင်းများတွင် တောင်ကိုရီးယားအမျိုး သားပင်စင်ဝန်ဆောင်မှုလုပ်ငန်းက ပြည်ပတွင် အမေရိကန်ဒေါ်လာ ၃၉၃.၂၇ ဘီလီယံ (ဝမ်ငွေ ၅၈၀ ထရီလီယံကျော်) ရင်းနှီးမြှုပ်နှံထားခြင်းနှင့် လွန်ခဲ့သည့် ၄ နှစ်အတွင်း ကိုရီးယားရင်းနှီးမြှုပ်နှံသူများသည် အမေရိကန်ပြည်ထောင်စု၏ စတော့ရှယ်ယာများကို ဝယ်ယူမှုပမာဏ ၈ ဆ မြင့်မားလာခြင်းတို့လည်း ပါဝင်ပါသည်။ ဝမ်ငွေတန်ဖိုးသည် အမေရိကန်ဒေါ်လာနှင့် လဲလှယ်ရာတွင် ပုံမှန်အားဖြင့် တစ်ဒေါ်လာလျှင် ၁,၄၀၀ ဝမ် ဝန်းကျင်တွင် ရှိနေရာမှ ၂၅-၁၁-၂၀၂၅ ရက်နေ့တွင် တစ်ဒေါ်လာလျှင် ၁,၄၇၂. ၄ ဝမ်အထိ ဝမ်ငွေတန်ဖိုး ကျဆင်းလာခဲ့ပါသည်။
၄။ နိုင်ငံခြားငွေလဲလှယ်မှုအတွက် တာဝန်ရှိပုဂ္ဂိုလ်များသည် အာမခံကုမ္ပဏီများဖြစ်သည့် Mirae Asset Securities၊ Korea Investment & Securities အပါအဝင် နိုင်ငံခြားငွေ လဲလှယ်ရေးဈေးကွက်ကောင်စီ (Foreign Exchange Market Council) အဖွဲ့ဝင်များ၊ Samsung Electronics နှင့် SK Hynix စသည့် အဓိကပို့ကုန်တင်ပို့သည့် လုပ်ငန်းစုကြီးများအပါအဝင် National Pension Service- NPS တို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံ၍ နိုင်ငံခြားငွေ ဝယ်လိုအားနှင့် ရောင်းလိုအားတည်ငြိမ်စေရေးတို့နှင့်စပ်လျဉ်း၍ တံခါးပိတ်ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပါသည်။
၅။ ဝမ်ငွေတန်ဖိုး တည်ငြိမ်စေရေးဆောင်ရွက်ရာတွင် National Pension Service- NPS ကဲ့သို့သော အစိုးရအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်မှုသာမက ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းသည် အရေးကြီးပါကြောင်း၊ အထူးသဖြင့် ပို့ကုန်အပေါ်မှီခိုအားထားနေရသည့် တောင်ကိုရီးယားနိုင်ငံအနေဖြင့် ပို့ကုန်လုပ်ငန်းရှင်များ၏ အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားရန်အရေးကြီးပါကြောင်း Sookmyung Women’s University မှ အငြိမ်းစားစီးပွားရေး ပါမောက္ခ Mr. Shin Se-don ကပြောကြားခဲ့ပါသည်။
၆။ ဝမ်ငွေတန်ဖိုးသည် တစ်ဒေါ်လာလျှင် ၁,၄၈၀ ဝမ်အထိ ကျဆင်းသွားပါက National Pension Service- NPS အနေဖြင့် အမေရိကန်ဒေါ်လာဖြင့် ပြည်ပတွင် ဝယ်ယူထားသော စတော့ရှယ်ယာများနှင့် ငွေချေးစာချုပ်များအပါ အဝင် ပိုင်ဆိုင်မှုအချို့ကို ရောင်းချသွားမည်ဖြစ်ပါကြောင်း၊ ယင်းသို့ ရောင်းချလိုက်ပါက အမေရိကန်ဒေါ်လာ ၂၉.၅ ထရီလီယံ ပြန်လည်ဝင်ရောက်လာနိုင်သော်လည်း အမေရိကန်ပြည်ထောင်စုတွင် အမေရိကန်ဒေါ်လာ ၃၅၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမည့် ဆိုးလ်နှင့် ဝါရှင်တန်အကြား သဘောတူညီမှုအရ Samsung Electronics၊ SK hynix၊ Hyundai Motor နှင့် Hanwha Ocean အပါအဝင် အဓိကပို့ကုန်ကုမ္ပဏီကြီးများ၏ ပြည်ပသို့ဒေါ်လာ စီးထွက်မှု (နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအနေဖြင့်) ကို ဆက်လက်ရင်ဆိုင်ရဦးမည် ဖြစ်ပါကြောင်း၊ အဆိုပါ ရင်းနှီးမြှုပ်နှံမှုသည် ရေရှည်စီမံကိန်းဖြစ်သောကြောင့် ၎င်းတို့ပိုင်ဒေါ်လာများကို ဝမ်သို့ ပြောင်းလဲရန် ခက်ခဲနိုင်ကြောင်း Sejong University မှ စီးပွားရေးလုပ်ငန်းများဆိုင်ရာ ပါမောက္ခ Mr. Kim Dae-jong က ပြောကြားခဲ့ပါသည်။
၇။ ကိုရီးယားကုမ္ပဏီကြီးများ၏ ပြည်ပတွင်ရရှိသည့် ပြည်ပရှိလုပ်ငန်းခွဲများမှ ရရှိသော အကျိုးအမြတ်များ ပြန်လည်ဝင်ရောက်လာခြင်းသည်လည်း ဝမ်ငွေတန်ဖိုးမြင့်မားလာစေရေး အတွက် အဓိကကျသည့်အချက်တစ်ခုဖြစ်ပါကြောင်း၊ ယင်းသို့ လွှဲပြောင်းပေးနိုင်ရေးအတွက် လည်း မက်လုံးများ ပေးသင့်ကြောင်း၊ ၂၀၂၃ ကုမ္ပဏီအခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (2023 Amendment to The Corporate Tax Law) အရ ပြည်ပလက်ခွဲများမှ အမြတ်အစွန်းများပေါ်တွင် အခွန်ကင်းလွတ်ခွင့်ပြုခဲ့သည့်အတွက် Samsung Electronics သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများအပြားကို နိုင်ငံသို့ ပြန်လည်သယ်ဆောင်လာပြီး ငွေလဲနှုန်းတည်ငြိမ်မှုကို အထောက်အကူပြုနိုင်ခဲ့ကြောင်း ပါမောက္ခ Mr. Kim Dae-jong က အကြံပြု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Source: Korean Times နှင့် The Chosun Daily (26-11-25)
(ပပ၊ စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)